တစ်ဘ၀လုံးဟာ အိပ်မက်ရှည်ကြီးပါကွာလို့တစ်ယောက်ယောက် က လှစ်ကနဲ ကပ်ပြောသွားခဲ့တယ်၊ ရယ်စရာကောင်းတယ်ရုတ်တရက်ထင်ခဲ့ပေမယ့်
မရယ်ပစ်ခဲ့ဘူး၊ အခန်းတံခါးကိုတွန်းဖွင့်ပစ်ခဲ့တယ်၊ သစ်ရွက်တွေ တဖြောဖြော
ကြွေလို့၊ ဒါမှမဟုတ်လည်း ရှပ်တိုက်ရွေ့လျားလို့၊ နေရောင်စူးစူးရရြဲက သစ်ရွက်စိမ်းတွေကို ဆက်တင်မီးလိုထိုးထားတယ်၊ စိမ်း……..လို့၊ မရည်ရွယ်ခဲ့ပေမယ့်
သက်ပြင်းရှည်ကြီးကို ချပစ်ခဲ့တယ်၊
လေအဝှေ့မှာ ကပ်ပါလာတဲ့ ရွက်ခြောက်တွေကို ဘာသိဘာသာ စိတ်နဲ့ တံမြက်စည်းလှဲခဲ့တယ်၊ ခိုင်မာရိုးသားရှင်သန်နေရမယ့်
အချိန်ပိုင်းတွေမှာ လူနာတွေကို အမြဲကူညီနိုင်ခဲ့တာချည်းပဲ လို့ကိုယ့်ကိုယ်ကိုခဏခဏ
မောင်းတင်ခဲ့တယ်၊ စိတ်ကိုစိတ်နဲ့ကုဖို့ဆိုတာ အင်မတန်နုးညံ့သိမ်မွေ့တဲ့ ကစားပွဲပဲ၊
လေတစ်ချက် ထပ်ဝေ့လာတယ်၊ အခန်းတံခါးဟာ နည်းနည်းဟသွားသလို စိတ်ကထင်ရတယ်၊ တစ်ယောက်ယောက်က ဆွဲဖွင့်ဖို့အားယူလိုက်တာလည်း ဖြစ်ချင်ဖြစ်နေမယ်၊ မျက်စိလည်လာတဲ့ ရွက်ခြောက်ကြွလေးတစ်ရွက်က တံခါးဝမှာ ဖျတ်ကနဲပေါ်လာတယ်၊ စနေနေ့ခင်းနေ့လည်တွေမှာ အခန်းပြတင်းတံခါး ဖွင့်ထားတော့လည်း ရွက်ခြောက်တွေဝင်လာမစဲတသဲသဲ၊ အချိန်တွေကလူတွေကို စောင့်ခဲ့ရတာလား၊ လူကအချိန်တွေကိုစောင့်ခဲ့ရတာလား၊ ကျွန်တော့စိတ်ထဲက စကားမဆုံးခင်မှာ ခြေသံစကြားလာရတယ်၊ စနေနေ့ရဲ့ဧည့်သည်တစ်ယောက်ဟာ အရင်ရက်သတ္တပတ်တွေလိုပဲ ရွက်ခြောက်ကြွေတွေမနင်းမိအောင်လျှောက်ရင်း ကျွန်တော့အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်၊ ဆံပင်ရှည်တွေကို ဝေ့ကနဲ မြင်လိုက်ရတယ်၊ ကျွန်တော်ကသက်ပြင်းကို တစ်ချက် ဘာရယ်မဟုတ်ပဲ ရှိုက်လိုက်မိတယ်၊ ရွက်ခြောက်တစ်ရွက်က စားပွဲပေါ်ဖျတ်ကနဲခုန်အတက်၊ ကျွန်တော့ရှေ့က ကုလားထိုင်ပေါ်မှာ ဆံပင်ရှည်ရှည်လေးက စွေ့ကနဲ ၀င်ထိုင်လိုက်ပြီ၊ သနပ်ခါးနံ့တွေ အခန်းထဲမှာ ရုတ်တရက်မွှန်ထူလာခဲ့ပေါ့၊ တစ်ဘ၀လုံးဟာ အိပ်မက်ရှည်ကြီးပါကွာလို့ တစ်ယောက်ယောက် က လှစ်ကနဲကပ်ပြောသွားခဲ့တယ်။
လေတစ်ချက် ထပ်ဝေ့လာတယ်၊ အခန်းတံခါးဟာ နည်းနည်းဟသွားသလို စိတ်ကထင်ရတယ်၊ တစ်ယောက်ယောက်က ဆွဲဖွင့်ဖို့အားယူလိုက်တာလည်း ဖြစ်ချင်ဖြစ်နေမယ်၊ မျက်စိလည်လာတဲ့ ရွက်ခြောက်ကြွလေးတစ်ရွက်က တံခါးဝမှာ ဖျတ်ကနဲပေါ်လာတယ်၊ စနေနေ့ခင်းနေ့လည်တွေမှာ အခန်းပြတင်းတံခါး ဖွင့်ထားတော့လည်း ရွက်ခြောက်တွေဝင်လာမစဲတသဲသဲ၊ အချိန်တွေကလူတွေကို စောင့်ခဲ့ရတာလား၊ လူကအချိန်တွေကိုစောင့်ခဲ့ရတာလား၊ ကျွန်တော့စိတ်ထဲက စကားမဆုံးခင်မှာ ခြေသံစကြားလာရတယ်၊ စနေနေ့ရဲ့ဧည့်သည်တစ်ယောက်ဟာ အရင်ရက်သတ္တပတ်တွေလိုပဲ ရွက်ခြောက်ကြွေတွေမနင်းမိအောင်လျှောက်ရင်း ကျွန်တော့အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်၊ ဆံပင်ရှည်တွေကို ဝေ့ကနဲ မြင်လိုက်ရတယ်၊ ကျွန်တော်ကသက်ပြင်းကို တစ်ချက် ဘာရယ်မဟုတ်ပဲ ရှိုက်လိုက်မိတယ်၊ ရွက်ခြောက်တစ်ရွက်က စားပွဲပေါ်ဖျတ်ကနဲခုန်အတက်၊ ကျွန်တော့ရှေ့က ကုလားထိုင်ပေါ်မှာ ဆံပင်ရှည်ရှည်လေးက စွေ့ကနဲ ၀င်ထိုင်လိုက်ပြီ၊ သနပ်ခါးနံ့တွေ အခန်းထဲမှာ ရုတ်တရက်မွှန်ထူလာခဲ့ပေါ့၊ တစ်ဘ၀လုံးဟာ အိပ်မက်ရှည်ကြီးပါကွာလို့ တစ်ယောက်ယောက် က လှစ်ကနဲကပ်ပြောသွားခဲ့တယ်။
“ဆရာမမေးခင်အရင်ကြိုပြောထားချင်တာတွေရှိတယ်နော်၊ညတွေကောင်းကောင်းအိပ်ပျော်ပါတယ်၊ ဆေးတွေမှန်မှန်သောက်ဖြစ်ပါတယ်၊ မနက်တိုင်းလည်း
တရားထိုင်ဖြစ်တယ်၊ အစားမှန်မှန်စားဖြစ်ပြီး တခြားဘယ်သူကမှ ဂရုမစိုက်မယ့် ကိုယ့်ကျန်းမာရေးကို
ကိုယ်ဂရုစိုက်ဖြစ်ပါတယ်ဆရာ”
“ဟုတ်ပြီလေ၊ ဒီတစ်ပတ်တော့ အိပ်မက်တွေအကြောင်း
ပြောကြတာပေါ့”
ကျွန်တော့အသံတွေထဲမှာ မလိုလားအပ်တဲ့ စကားလုံးအမှုန်အမွှားတေ
ွမပါစေရဘဲ သက်ပြင်းကို လေးလေးနက်နက် ရှိုက်လိုက်တယ်၊လူနာမျက်လုံးတွေထဲမှာပေါ်နေတဲ့ စိတ်ရဲ့အငွေ့အသက်တွေကို
အာရုံစိုက်ထား၊ ဒီအချိန်မှာအရေးအကြီးဆုံးက လူနာရဲ့ လွတ်လပ်သွားတဲ့ ငှက်လှောင်အိမ်ထဲက ငှက်ကလေးလိုဖြစ်နေတဲ့စိတ်ကို ကြိုးတွေနဲ့မချည်မိစေနဲ့၊ လူနာဟာ အမှောင်ထုကြီးထဲ
လမ်းလျှောက်နေတဲ့အခါ ကိုယ်
ကမီးအိမ်လေးအဖြစ် လမ်းပြရုံသက်သက်ဆိုတာ ကိုလည်းမမေ့နဲ့ ။
“အိပ်မက်တွေထဲမှာတော့ ကျွန်မကအမြဲလေပေါ်မှာချည်း လွင့်ပါနေတာမျိုးပဲဆရာရဲ့၊ စိတ်တွေလည်းလွင့်လို့၊
ကျွန်မဆံပင်ရှည်ရှည်တွေလည်း လွင့်လို့ပေါ့၊ အိပ်မက်တွေကလည်း အမြဲတမ်း ဆောင်းတွင်းအိပ်မက်တွေလို
အရှည်ကြီး ၊ အကြာကြီးထင်ရတယ်၊ ကျွန်မကလေထဲလွင့်နေတာဆိုတော
့ရှုခင်းတွေကို အမြင့်ကြီးကနေ မြင်ရတယ်၊ သစ်ပင်စိမ်းစိမ်းညို့ညို့ တောအုပ်တွေ၊ ရေကန်တွေမှာ
လှုင်းကြက်ခွပ်လေးတွေ လူးလွန့်နေတာမျိုးတွေ ၊ စိတ်တွေထဲ
အသည်း တအေးအေးနဲ့၊ တချို့ငှက်အုပ်တွေက ကျွန်မအောက်နားကတင် ပျံသွားကြတာ၊ ရောင်စုံတောအုပ်ကြီး
လေထဲပျံနေသလိုမျိုးပေါ့၊
ကျွန်မမမြင်ဖူးတဲ့ အကောင်ပလောင် တောကောင်တိရစ္ဆာန်တွေလည်း
မြင်ရတယ်ဆရာ၊ ကျွန်မမြင်ဖူးပေမယ့်လည်း ရာဇ၀င်ဖတ်စာနဲ့ ဘုရားမှာမြင်ရတဲ့
အကောင်မျိုးကြီးတွေလည်း မြင်ရတယ်၊
တိုးနယားလို အကောင်မျိုးကြီးတွေပေါ့ဆရာ၊ ဒါပေမယ့်နည်းနည်းလေးမှကို
မကြောက်မိဘူး၊ အားလုံးဟာ ပါးစပ်ကနေ အသံတစ်ခုမှမထွက်ဘဲနဲ့ အလိုအလျောက်
တစ်ယောက်စိတ်တစ်ယောက် သိနေတာမျိုးကတော့ ဆန်းတာပေါ့ဆရာ၊ အားလုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့
ထုလိုက်ထည်လိုက်ကြီးရွေ့လျားပျံသန်းလို့၊ အသည်းတွေအေးလိုက်တာဆရာရယ်၊ တစ်သက်လုံး မြေကြီးပေါ် ပြန်မဆင်းဖြစ်တော့ပါလားလို့
ထင်လာတဲ့အထိကို လေထဲအကြာကြီးပျံနေရတာ”
စနေနေ့ညနေဟာ တဖြည်းဖြည်း ပါးလျားဖျော့တော့လာခဲ့တယ်၊ အရင် ရက်သတ္တပတ်တွေအတိုင်းပဲ
ရွက်ခြောက်ကြွေတွေကို ရှောင်ရင်း ကျွန်တော့အခန်းလေးထဲက ဆံရှည်မလေး ထွက်သွားခဲ့ပြန်တယ်၊
ဆံပင်ရှည်ရှည်တွေ ဝေ့ကနဲ
အခန်းအပြင်လွင့်သွား၊ တံခါးချပ်ကနဲပိတ်၊ စိတ်ဆိုတာ အင်မတန်ထိန်းရသိမ်းရခက်တဲ့လေ၊ လူတွေဟာ ကျိုးကြောင်းဆင်ခြင်မှုနဲ့
ဝေးကွာလေ စိတ်ကိုထိန်းသိမ်းရခက်လေ၊
အတိတ်ကပြုခဲ့တဲ့အပြစ်တွေလည်း ရှိခဲ့မှာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့အတွက်တော့ ကျွန်တော်ဂရုစိုက်ရမယ့်
ကျွန်တော့လူနာပဲ၊ လူနာတစ်ယောက်ချင်းစီရဲ့ စိတ်အသွားအလာကို အမြဲတမ်း
အလွတ်ရနေအောင် ဂရုစိုက်ရမှာ
ကျွန်တော့တာဝန်ပဲပေါ့ ၊ ညနေစောင်းခဲ့ပြီ ၊ ပြတင်းပေါက်ကမြင်ရတာ အရိပ်ရှည်ရှည်တွေနဲ့ စိတ်တုန်တုန်ရင်ရင်
ဖျော့တော့တော့လူတွေ ၊
ပြတင်းပေါက်ကိုပိတ်လိုက်ပြီ ၊ မီးတွေလည်းပိတ် ၊အခန်းတံခါးကို
ချက်ထိုး,သော့ခတ်၊
ပြီးတော့ ပါးလျရီဝေ ဖျော့တော့နေတဲ့
ညနေခင်းထဲမှာ လူရောစိတ်ရောစိမ်ရင်း အိမ်ပြန်ခဲ့တော့တယ် ၊ ကျွန်တော့် အလုပ်ခန်း ဒါမှမဟုတ် စိတ်ကုသ အလုပ်ရုံကလေးကတော့ နောက်တစ်ပတ်
စနေနေ့ရဲ့ လူနာတစ်ယောက်ကို တွေးမိနေတော့မယ်။
လူတွေမှာ
ကိုယ်ပိုင်အိပ်မက်တွေ ရှိကြတာချည်းပဲ ၊ တစ်ယောက်အိပ်မက်နဲ့ တစ်ယောက်အိပ်မက်ဆိုတာလည်း တစ်မိုးတည်းအောက်မှာ အိပ်၊ တစ်ခန်းတည်းမှာနေ၊ ကုန်ကုန်ပြောရရင် တစ်အိပ်ရာတည်း
အိပ်ရင်တောင် တူချင်မှတူတတ်တာမျိုး၊ ကျွန်တော့အတွေးတွေကလည်း ၀ရန်တာက လှမ်းမြင်နေရတဲ့
လရောင်ထဲမှာမှ ပိုပြီး လေးလံနေသလား မပြောတတ်တော့ဘူး၊ ဒီညနေနေ၀င်သွားတာ သိပ်မြန်လိုက်တာလို့
တွေးနေမိတော့တာ၊ သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ်တင်ထားခဲ့ပြီး ၀ရန်တာဘက်ထွက်ရပ်မိတော့တယ်၊ လရောင်က
အိမ်ဝိုင်းလေးတ၀ိုက်ဖြာကျလို့၊
ပတ်ဝန်းကျင်က ငြိမ်တိတ် လွန်းတော့လည်း ပိုးပရစ်မွှားလေးတွေရဲ့
အော်သံကိုတောင် ကြားလာရတယ်၊
ကော်ဖီရဲ့ ခါးခါးသက်သက်အရသာလေးကို
ရုတ်တရက် ပြန်သတိရလာခဲ့တယ်
၊ ခပ်ငယ်ငယ်ကတည်းကအဖွားနဲ့ မေမေ ကော်ဖီသောက်ရင်
ကျွန်တော့ကို ကော်ဖီခွက်အောက်ခံပြားလေးထဲ မေမေကကော်ဖီငှဲ့ပေးတာ ခုထိ သတိရတုန်း၊ ကြီးကောင်ဝင်လာတော့ ကိုယ့်စိတ်ကြိုက်
ကော်ဖီကို ကိုယ်ရွေးသောက်တတ် လာခဲ့တယ်၊ ကျွန်တော်ကတော့ကော်ဖီရဲ့ ခါးခါးသက်သက် အရသာလေးနဲ့မှ အိပ်ရာဝင်တတ်လာခဲ့တယ်၊ ခပ်ငယ်ငယ် ကတည်းကဆိုပါတော့၊ အိပ်မက်တွေလည်း
မက်မက်စက်စက် မက်တတ်လာခဲ့တယ်၊
အထက်တန်း ကျောင်းသားဘ၀က ကျွန်တော့ကို
အထိတ်တလန့်ဖြစ်စေခဲ့တဲ့
ပန်းချီကား တစ်ချပ်ကိုလည်းဒီညတော့ ပြန်သတိရခဲ့ရတော့တယ်၊ ကျွန်တော့အိပ်မက်တွေကို
ခေါင်းလောင်းထိုးခဲ့တဲ့ပန်းချီကားပေါ့၊ ကောင်လေးက ကောင်မလေးကို
အမှတ်တရ မွေးနေ့ပန်းစည်းလေး ကိုယ်တိုင်ကိုယ်ကျ သွားပေးခဲ့ရင်း အနမ်းချင်းဖလှယ်မိကြတဲ့ သိပ်ရိုးစင်းတဲ့ဇာတ်လမ်း လေးတစ်ပုဒ်ကို မက်ရှားဂေါလ်က
ကင်းဗတ်စပေါ်မှာ ပီပီပြင်ပြင်တင်ဆက်ခဲ့တယ်လေ၊ ဒါပေမယ့် ကျွန်တော့ကို
လန့်ဖျတ်သွားစေခဲ့တာကတော့
ကောင်လေးက အခန်းအပြင်ဘက်က စင်္ကြန်လေထုထဲမှာ
လွင့်နေတော့တာ၊ တကိုယ်လုံးလေထဲမှာ မြောက်နေတဲ့ကောင်လေးက မွေးနေ့ရှင်ကောင်မလေးကို လေထဲကနေ မွေးနေ့ပန်းစည်းလှမ်းပေးနေခဲ့တာ ကနေကျွန်တော့အိပ်မက်တွေအစပြုခဲ့တာပဲ၊ မက်ရှားဂေါလ်ရဲ့
တခြားပန်းချီကားတွေ ကြည့်ခဲ့ရတော့လည်း လူတွေ တိရစ္ဆာန်တွေဟာ သူ့ပုံစံနဲ့သူလေထဲလွင့်ရင်း မျိုးစုံဖြစ်ပျက်နေတော့တာ၊ ကျွန်တော့အိပ်မက်တွေလည်း
အစပြုခဲ့တယ်၊ ဆာရီယယ်လ်လစ်ဇင်ပန်းချိဟာ ကျွန်တော့အိပ်မက်တွေကို
ရှည်ရှည်လျားလျားဆွဲဆန့်ခဲ့တယ်၊
ကျွန်တော့ရဲ့ အိပ်မက်တွေထဲမှာ ကျွန်တော်က
လေထဲမှာလွင့်နေခဲ့တော့တာ၊
ကျွန်တော့အိမ်ထဲမှာ ကျွန်တော်ကပျံလို့၊ ထမင်းစားခန်းထဲမှာ
ပျံနေလို့မေမေက ထိုင်ခုံမှာထိုင်ပြီး ထမင်းစားဖို့ ဆူနေတာမျိုး၊ ဒါမှမဟုတ်လည်း သူငယ်ချင်းတွေနဲ့
ပျော်ပွဲစားခရီးကိုကျွန်တော်က
လေထဲလွင့်ရင်း လိုက်သွားမိတဲ့ အိပ်မက်မျိုးတွေပေါ့၊ ဒီညတော့ ကျွန်တော်အိပ်မက်မက်မိဦးမှာလားမသိ၊ ကျွန်တော့အိပ်မက်ထဲမှာ ကျွန်တော့ လူနာတွေရော လေထဲလွင်နေမှာပဲလား၊ တစ်ခါတစ်ခါတော့စိတ်ထဲမှာ လွင့်နေတဲ့အရသာမျိုး ကျွန်တော့လူနာတွေကို
မြည်းစမ်းကြည့်စေချင်တဲ့
စိတ်မျိုးတော့ ပေါ်ပေါက်လာတတ်ပါတယ်၊ သိပ်ကိုရှားတောင့်ရှားပါး
တစ်ခါတစ်လေမျိုးပေါ့၊ အထူးသဖြင့် စိတ်ထွက်ပေါက်မရှိတော့တဲ့
လူနာမျိုးတွေ။
(၂)
ဒီတစ်ပတ်စနေနေ့ကတော့ ရောက်တာနှေးလိုက်တာထင်ရတယ်၊ ဆံပင်ရှည်လေးရဲ့ အသားအရေတွေပဲ
ဖျော့တော့လွန်းနေတာလား၊
ပိန်သွားတယ်ထင်ရတယ်၊ ဆေးတွေ မှန်မှန်သောက်ဖြစ်ပါ့မလားမသိ၊ စိတ်ညစ်စရာတွေ
များများမတွေးပါနဲ့ မှာထားရဲ့သားနဲ့၊ ပြီးတော့ စိတ်ရှုပ်နေတာပဲလား၊
စကားကိုမြန်မြန်,မြန်မြန် ပြောချင်နေပုံလည်းရနေတယ်။
“ဆရာ့ကိုပြီးခဲ့တဲ့တစ်ပတ်က
အိပ်မက်တွေအကြောင်း ပြောလိုက်မိတာ
အိပ်မက် အဟောင်းတွေနဲ့ပတ်သက်ပြီး အကုန်ဖြစ်ညှစ်ထုတ်လိုက်သလိုပါပဲဆရာ၊ စိတ်ထဲမှာ ဘာမှကိုမကျန်တော့တာ၊ ဒါပေမယ့် ကျွန်မအိပ်မက်အသစ်တွေ
ထပ်မက်ခဲ့တယ်ဆရာ၊ ဒီအိပ်မက်တွေလည်း ကုန်သွားအောင် ကျွန်မဆရာ့ကို
ဖွင့်ပြောမှဖြစ်တော့မယ်ဆရာ၊
အခုမက်တဲ့အိပ်မက်တွေထဲမှာ ကျွန်မကအမြဲတမ်း ကုတင်ပေါ်မှာနာတာရှည်လှဲနေရတဲ့ လူနာမျိုးပေါ့ဆရာ၊ ကျွန်မအိပ်မက်ထဲမှာ
ကိုယ့်ကိုယ်ကိုပြန်မြင်ရရင် အိပ်ပျော်နေသလို ထင်နေရတာချည်းပဲ၊ ထူးဆန်းတာက ကျွန်မကိုယ်ထဲက သစ်ပင်တွေ
ထွက်လာတာပဲဆရာ။ သစ်ပင်တွေက စိမ်းလိုက်တာလွင်နေတာပဲ၊ ဆူးတွေတော့မပါကြဘူး၊ သစ်ပင်စိမ်းစိမ်း ပျော့ပျော့တွေ ကျွန်မကိုယ်က
ပေါက်လာတာဆရာရေ၊ နာတဲ့ကျင်တဲ့ စိတ်ခံစားမှုမျိုးတော့ မရှိဘူး၊ တစ်မျိုးပဲ၊ သစ်ပင်တစ်ပင်ပေါက်လာတိုင်း
ပျော်နေမိတော့တာပဲ၊ ကျွန်မတကိုယ်လုံးကို သစ်ပင်တွေဖုံးသွားတော့တာကိုး ဆရာရဲ့၊ အရွက်လေးတွေက
သေးသေးလေးတွေ၊ ဒီအိပ်မက်ကို ပျော်စရာလို့ ထင်ခဲ့မိပေမယ့် ကုန်သွားအောင်တော့ ဆရာ့ကိုဖွင့်ပြောပြလိုက်တာပဲ
ကောင်းပါတယ်လေ၊ သစ်ပင်ပျော့ပျော့စိမ်းစိမ်းတွေ တစ်ပင်ပြီးတစ်ပင် ပေါက်လာလိုက်တာခုဆို ကျွန်မတကိုယ်လုံး
သစ်ပင်တွေဖုံးသွားပြီ၊
ဘာဆက်ဖြစ်မလဲဆိုတာ မသိသလို ဆက်မမက်ရဲတဲ့
အိပ်မက်မျိုးပေါ့ဆရာ၊ အစပိုင်းမှာ ပျော်စရာကောင်းခဲ့ပြီ ဇာတ်သိမ်းပိုင်းမ
ှစိတ်ဒုက္ခရောက်ရတာမျိုးဆိုရင်
ကျွန်မစိတ်ညစ်ရတော့မယ်ဆရာ၊ ဆရာပေးထားတဲ့အိပ်ဆေးတွေ မသောက်ဘဲ နှစ်ရက်လောက်နေကြည့်တော့ ညအိပ်မပျော်တော့ဘူးဆရာ၊ ဒီအိပ်မက်ရဲ့ အဆုံးပိုင်းကို
ဆက်မမက်ရဲတော့လို့ တစ်ညလုံးမအိပ်ဘဲထိုင်နေခဲ့ရတယ်ဆရာ၊ ဒါပေမယ့်ဆရာ့ကို
ဖွင့်ပြောလိုက်ပြီးပြီဆိုတော့လည်း ဒီညအိပ်ပျော်သွားမှာပါဆရာ”
ဖျော့တော့တော့ကိုယ်ခန္ဒာလေးက ကျွန်တော့ဆီက
တစ်ပတ်စာဆေးတွေ ယူပြီးထွက်သွားခဲ့ပြီ၊ ဒီစနေညဟာ လည်းကျွန်တော့အတွက် အိပ်မက်တွေအကြောင်းနဲ့
စိုထိုင်းနေတော့မယ်၊ ကျွန်တော်ငယ်ငယ်တုန်းကတော့ သနားစရာ အကောင်းဆုံးပန်းချီဆရာမတစ်ယောက်ကို
တွေ့ရှိခဲ့တယ်၊ ဆာရီရယ်လစ်ဇင် ပန်းချီ်ရေစီးကြောင်းထဲလွင့်နေတဲ့ ပန်းချီမိန်းမသားတစ်ဦးအဖြစ် သူ့ပန်းချီကားတွေကြည့်ခဲ့ရပြီး
သူ့ဘ၀ဇာတ်ကြောင်းကို သိခဲ့ရချိန်မှာတော့ ကျွန်တော် လေးလေးနက်နက်
ကိုယ်ချင်းစာပြီး သူ့ပန်းချီကားတွေကို ထူးဆန်းထွေလာသဘောမျိုးထက်ပိုတဲ့ အမြင်သစ်တစ်မျိုးနဲ့ စူးစူးနင့်နင့်
ကြည့်ခဲ့ရတယ်၊ “ဖရီဒါခါလို”
ဟာ သေတဲ့အထိ ခါးအောက်ပိုင်းသေဝေဒနာနဲ့ မချိမဆန့်
စိတ်နာကျင်မှုကိုခံစားခဲ့ရတယ်၊ အိမ်ထောင်ရေးစိတ်ဒုက္ခ အစုအပြုံကြီးကို ခံစားရင်းနဲ့ပဲ ကုတင်ပေါ်မှာ
အိပ်မက်ပန်းချီတွေ ရေးခဲ့တယ်၊
သိပ်သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်ရဲ့ နာကျင်မှုနဲ့ အထီးကျန်မှုတွေဟာ ပန်းချီကားတွေကို
အသက်ဝင်စေခဲ့တယ်၊ ကုတင်ပေါ်အိပ်ပြီး လဲလျောင်းနေတဲ့ မိန်းမရဲ့ ကုတင်ဘေးနဲ့အမိုးတွေပေါ်မှာ
နွယ်ပင်တွေပေါက်ရောက်ရှင်သန်လို့၊
တစ်ခါတစ်ခါတော့လည်း ပလာစတာစည်းထားတဲ့ လူနာပုံစံတွေနဲ့ သူ့ရဲ့အိပ်မက်ထဲက
နာကျင်မှုကို ဆွဲထုတ်ပြခဲ့တယ်၊ ကျွန်တော်တို့ရော နာကျင်မှုကို သေရာပါ ကြောက်ခဲ့ကြသူတွေမဟုတ်လား၊ လူနာတွေရဲ့
နာကျင်မှုဟာ ဆရာဝန်တွေဆီကို အမြဲစီးဆင်းပါတယ်၊ ဆရာဝန်တွေကပဲ လူနာတွေရဲ့နာကျင်မှုကို
အမြဲဖြေရှင်းပေးကြရတယ်၊
လူနာတွေရဲ့နာကျင်မှုကို ကိုယ်တိုင်ကိုယ်ချင်းစာပြီး ပြုစု ကုသနိုင်ပြီဆိုမှပဲ
ဆရာဝန်တစ်ယောက်ဖြစ်လာတယ်လို့
ကျွန်တော်က အမြဲတမ်းစိတ်ထားခဲ့တယ်၊ လူနာရင်ဘတ်အောင့်နေရင်
ကိုယ်လည်းအောင့်နေတယ်လို့ ခံစားလာရတဲ့ဆရာဝန် ,လူနာဖျားနေရင် ကိုယ်လည်းဖျားနေပြီလို့ ခံစားလာရတဲ့ဆရာဝန်မျိုးမှသာ ကိုယ့်ကိုယ်ခန္ဒာနဲ့ ကိုယ်ချင်းစာပြီး
ကုသပေးနိုင်မှာပေါ့၊ ဒီညတော့ ကော်ဖီမသောက်ဖြစ်ခဲ့တော့ဘူး၊ ပြီးတော့ညတာလည်းရှည်ခဲ့ရတယ်လေ။
(၃)
ဒီစနေကျတော့ မိုးသားတွေညို့လို့၊ လေကငြိမ်နေတယ်၊ ပါးပါးလှပ်လှပ်ကိုယ်လေးကို
မြင်ရတော့ စိတ်ထဲထင့်သွားသေးတယ်၊ သူပြုံးတာကနွမ်းနွမ်းယဲ့ယဲ့၊ ဆံပင်ရှည်လေးတွေ
အရောင်မတောက်တော့ဘူး၊ ခြေလှမ်းတွေလေးတိလေးကန်၊ သူထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ ဘာမှန်းမသိတဲ့
သစ်ရွက်စိမ်းနံ့တစ်မျိုးကို ကျွန်တော်ရလာတယ်။
“ ပြီးခဲ့တဲ့တစ်ပတ်က အိပ်မက်တော့ ထပ်မမက်တော့ဘူးဆရာ၊ ဒါပေမယ့် အိပ်မက်အသစ်ကို
ထပ်တလဲလဲ မက်နေတယ်၊
သစ်ပင်တွေစိမ်းညို့နေတဲ့ တောအုပ်ကြီးထဲမှာ ကျွန်မရပ်နေတဲ့
အိပ်မက်မျိုးပေါ့ဆရာ၊ ဘာသံမှမကြားရဘူ၊ လေတိုက်တာမျိုးလည်းမရှိဘူး၊ အသက်ရှူကျပ်တာမျိုးလည်းမရှိဘူး၊ ပန်းနံ့တွေ
မွှေးနေတာမျိုးလည်း မရှိတဲ့တောအုပ်ကြီးပဲဆရာ၊ ပထမစမက်တဲ့ညတုန်းကတော့
ပျော်နေသေးတာ၊ နောက်နေ့မနက် ခြံဝင်းထဲကပန်းပင်တွေတောင် အိပ်ခန်းထဲ
ထည့်အိပ်သေးတယ်၊ အိပ်မက်ထဲမှာ ပန်းနံ့တွေရအောင်ပါဆရာရယ်၊ ဒါပေမယ့် နှစ်ရက်သုံးရက်ကြာတော
့ကျွန်မအရင်အပတ်တွေကလို ကြောက်လာတယ်ဆရာ၊ ဆေးတွေပုံမှန်သောက်ပေမယ့် ညလယ်လောက်ဆို
လန့်လန့်နိုးနေတတ်တယ် ဆရာ၊
တောအုပ်ကြီးက ဘာတွေထွက်လာမှာလဲ၊ ဘာလို့တစ်ယောက်တည်း
ရပ်နေရတာလဲ၊ ကျွန်မပုံက ဘာဖြစ်လို့ အိပ်မက်ထဲမှာ အမြဲတမ်း ၀မ်းနည်းတဲ့ပုံ
ဖြစ်နေရတာတဲ့လဲ”
သူ့စကားသံလေးက တိုးညှင်းသွားပြန်တယ်၊ သူဆက်ပြောနေတဲ့စကားသံက
တိုးလွန်းတော့ သူပြောနေတာ ဘာရယ်လို့ သဲသဲကွဲကွဲမသိရပြန်တော့ဘူး၊ အဲဒီညနေက သူပြန်သွားတဲ့ပုံကို
ကျွန်တော်အမြဲတမ်း အမှတ်ရနေမိတော့တာပါပဲ၊ သောက်ဆေးတွေ ထပ်တိုးပေးလိုက်ပေမယ့်လည်း
အိမ်သူအိမ်သားတွေရဲ့ အနီးကပ်ဂရုစိုက်တာမခံရတဲ့ လူနာတစ်ယောက်ကို ကျွန်တော်ဘယ်လို
ဒီထက်ပို ကူညီနိုင်တော့မှာလဲ။
ကျွန်တော်ငယ်ငယ်တုန်းကလည်း တောအုပ်တွေထဲ သူငယ်ချင်းတွေနဲ့
ပျော်ပွဲစား ထွက်ကြတယ်၊ စမ်းချောင်းတွေ၊ ငှက်တွေကို တွေ့တယ်၊ ကြားရတယ်၊ ကျွန်တော်တို့ရဲ့
စသံနောက်သံ စကားပြောသံတွေကိုပါ ထည့်ပြောရရင်တော့ ဆူညံနေတော့တယ်၊ ဆူညံနေတဲ့ တောအုပ်တွေပေါ့၊ စိမ်းညို့နေတဲ့တောအုပ်တွေ၊
ဒါပေမယ့် တိတ်ဆိတ်နေတဲ့ အိပ်မက်ထဲ ကတောအုပ်တွေကို ပန်းချီကား တစ်ကားမှာ စကြည့်ဖူးခဲ့တဲ့ညက
တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး၊ ပြီးတော့ တောအုပ်စိမ်းစိမ်းညို့ညို့မှာမှ လက
သာချင်တိုင်းသာနေတော့တယ်၊ ပြီးတော့ အိပ်မက်ထဲမှာလို ငြိမ်သက်တိတ်ဆိတ်လို့၊ အိပ်မက်မက်ကောင်းနေတဲ့
ဂျစ်ပဆီတစ်ယောက်ကို ခြင်္သေ့က အိပ်မက်ဆန်ဆန်နမ်းလို့၊ ဒါမှမဟုတ်လည်း အနံ့ခံလို့၊ သစ်တောတွေထဲက
အိပ်မက်နဲ့ အဖြစ်အပျက်တွေကို
ပန်းချီကားပေါ် ဆွဲတင်ခဲ့တဲ့ ဟင်နရီရူးဆိုး
ဟာလည်း ကျွန်တော့အတွက် ဆာရီယယ်လ်လစ်ဇင် ပန်းချီနဲ့ပတ်သက်တဲ့ အိပ်မက်တွေကို တံခါးဖွင့်ပေးခဲ့ပါတယ်၊ အဖြစ်အပျက်
သဘောမျိုးဆန်တဲ့ အိပ်မက်ပြကွက်တွေကို ရူးဆိုးက အမိအရ ပိတ်ကားပေါ်ပစ်တင်ခဲ့တယ်လေ။
ညဘက်မှာ တောအုပ်တွေဟာ တိတ်ဆိတ်လှို့ဝှက်ပြီး အသိရခက်တယ်ဆိုတာ ရူးဆိုးရဲ့ပန်းချီကားတွေကနေတဆင့်
ကျွန်တော်သိခဲ့တယ်။
(၄)
ရက်သတ္တပတ်တွေ တစ်ပတ်ပြီးတစ်ပတ်ကုန်လာခဲ့သလို ဆံရှည်မလေးဟာလည်း အလင်းဓာတ်တွေ
လျော့လာခဲ့တယ်၊ မျက်တွင်းဟောက်ပက်နဲ့ ဆံရှည်မလေးကို သုံးပတ်ကျော်မှပြန်ဆုံခဲ့ရတော့ ပိန်လှီနေခဲ့ပြီ။
“ ဆရာ့ဆေးတွေကို
မသောက်ဖြစ်တော့တာ ကြာပြီဆရာ၊
အစ်မက ဒီဆေးတွေ သောက်လို့ ဒီလိုဖြစ်နေတာ
ဆိုပြီး၊ ဆေးတွေ သိမ်းထားတယ်ဆရာ၊
ပြီးတော့ အခန်းထဲမှာပဲ ပိတ်ထားပြီး အပြင်ပေးမထွက်ဘူးဆရာ၊ ခုအိမ်မှာ အစ်မမရှိတုန်း
လစ်ထွက်လာခဲ့ရတာဆရာရေ့၊ ခုဒီတစ်ပတ် ဘာအကြောင်း ပြောရမှာလဲ ဆရာ၊ ကျွန်မကတော့ ထူးထူးဆန်းဆန်း ဒီသုံးပတ်ထဲမှာ အိပ်မက်တွေတော့
မမက်တော့ဘူးဆရာ၊ ညဘက်တွေတော့ တစ်ညလုံးထိုင်နေပြီး တစ်နေလုံး အိပ်ဖြစ်နေလို့လားတော့
မသိဘူးဆရာ”
ဆံရှည်မလေးရဲ့ အသံတွေ ခြောက်ကပ်အက်ကွဲနေခဲ့တယ်၊ ကျွန်တော့အတွက်တော့
သူ့ရဲ့ပုန်းကွယ်နေတဲ့ စိတ်အေးငြိမ်းရာကို ရှာတွေ့အောင် ဖော်ထုတ်ရတော့မယ်၊ ပြည်တည်နေတဲ့အနာကို
ပြည်တွေ ဖောက်ထုတ်ရသလိုမျိုးပေါ့၊
မဟုတ်ရင်တော့ စိတ်ထဲ တဆစ်ဆစ် ကိုက်ခဲနေတော့မှာ။
“ဒီတစ်ပတ်တော့ မင်းရဲ့ပန်းချီဆရာအကြောင်းကို
ပြောကြမယ်ကွာ”
“ပန်းချီဆရာဘ၀၊ ဆရာက ကျွန်မကို
ဘာကြောင့် ပန်းချီဆရာလို့ ပြောရတာလည်းဆရာ”
“ဘာလို့လဲဆိုတော့
မင်းဒီကိုမလာခဲ့တဲ့ သုံးပတ်ထဲမှာ မင်းအိမ်လိပ်စာအတိုင်း လာခဲ့ရင်းနဲ့ မင်းရဲ့စတူဒီယိုကို
ရောက်ခဲ့ရလို့ပဲ၊ မင်းတစ်ယောက်တည်း နေတာပါ ဆိုတာလည်း သိခဲ့ရသလို မင်းအစ်မဆိုတာ
မင်းငယ်ငယ်ကတည်းက ဆုံးသွားပြီဆို”
“ဟုတ်ပါတယ်ဆရာ၊
အစ်မက ငယ်ငယ်ကတည်းက မိဘတွေကွဲပြီးကတည်းက ကျွန်မကိုစောင့်ရှောက်ရင်း ညီအစ်မနှစ်ယောက် သီလရှင်ကျောင်းမှာ
ခိုကပ်နေရင်း ဆုံးခဲ့တာပါ၊
ကျွန်မ သိတတ်လာတဲ့အရွယ်မှာ တွယ်တာအားကိုးစရာ
အစ်မတစ်ယောက်တည်း ရှိခဲတာပါ၊
ကျွန်မအရွယ်ရောက်လာတော့ ပန်းချီ ဆွဲဖြစ်ခဲ့တယ်၊ အစ်မငယ်ငယ်ကနေခုထိ အသက် တစ်နှစ်ပြီးတစ်နှစ်
ကြီးကြီးလာတဲ့ပုံကို နှစ်တိုင်း အစ်မရဲ့မွေးနေ့မှာ ဆွဲခဲ့တာပဲဆရာ၊ အစ်မက ကျွန်မကို
အရမ်းချစ်တယ်ဆရာ ၊
တစ်ခါတစ်ခါ သူ့အိမ်ကို
အိပ်မက်ထဲမျာမြင်ရတယ်၊
သူ့ကို အိပ်မက်ရင် သူကကြယ်တွေထဲမှာတဲ့
ဆရာရယ်၊ ခုရက်ပိုင်းမှာတော့ ကျွန်မအစ်မနဲ့ ညတိုင်း စကားပြောဖြစ်ပါတယ်၊ ဒီဆေးတွေဆက်မသောက်ဖို့နဲ့ အစ်မဆီလိုက်နေဖို့ အမြဲခေါ်နေခဲ့တာ၊ ကြယ်တွေဆိကိုပေါ့ဆရာရယ်၊ ဒါနဲ့ ဆရာ့ကို
မေးချင်တာတစ်ခုရှိတယ်၊
ဆရာဖြေနိုင်မလားမသိဘူး၊ ပန်းချီကားတစ်ကားကို
ကြည့်မိရင်အသံတွေတောင်
ကြားလာရတယ်ဆိုတာ ဆရာဘယ်လိုနားလည်ထားလဲ
ဆိုတာ သိချင်တယ်၊ ဒါမှ ကျွန်မပြောချင်တဲ့ လှို့ဝှက်ချက်ကို ပြောလို့ရမှာမို့ပါဆရာ။
ဒီအချက်ကို ဆရာဖြေပေးနိုင်မလား၊
လက်ခံနားလည်ထားသလား”
”ပန်းချီကားတစ်ကားကို
ကြည့်မိရင်အသံတွေ ကြားလာရတယ်ဆိုတာ ကျွန်တော် လက်ခံပါတယ်၊ ကျွန်တော်ငယ်ငယ်ကတည်းက ပန်းချီကားတွေကြည့်ရင်း
အသံတွေကြားခဲ့ရတယ်၊ ဥပမာ-ဗင်းဆင့်ဗန်ဂိုးရဲ့ အာလူးစားသူများထဲမှာ ဆင်းရဲ မွဲတေနေတဲ့
အလုပ်သမား ကျောမွဲလူတန်းစားရဲ့
ညည်းသံညူသံတွေ ကြားနေရတယ်၊ အက်ဒွပ်မွန့်ခ်ျရဲ့
အော်သံထဲမှာရော၊ အာခေါင်ခြစ်ပြီး ငယ်သံပါအောင်စူးစူးရဲရဲ အော်နေတဲ့အော်သံကို ကြားလာရတယ်၊ ဖရန်စစ်ဗေကွန်ရဲ့
ပန်းချီကားတွေထဲမှာ ရောထိတ်လန့်အံ့သြဖို့ကောင်းတဲ့ လူ့အနိဋ္ဌာရုံ အပျက်အစီးပုံကြီးက ညည်းတွားအော်ဟစ်သံတွေ
ကြားလာရတယ်၊ အက်ဂါဒေးဂါးစ်ရဲ့
ကချေသည်ပုံတွေထဲမှာ ကချေသည်တွေရဲ့
ဖိနပ်ခွာသံကိုပါ ကြားနေရတယ်၊ ပီကာဆိုရဲ့ မြင်းခေါင်းပုံကြီးမှာရော လျှာကြီးချွန်တန်းပြီး
ပါးကြီးတွေဖောင်းကားနေတဲ့
မြင်းတစ်ကောင်ရဲ့ အတွင်းသား လှုက်စားသွားတဲ့
ဟီသံကို ကြားခဲ့ရတယ်၊ ဆရာပေါ်ဦးသက်ရဲ့ ရိုးရာကြက်ဖ ပန်းချီကားကိုရော
ကြည့်ခဲ့ဖူးသလား၊ အမွှေးတွေ ချွန်ထက်ထောင်ထပြီး မျက်ဲလုံးတွေ ပြူးကျယ်နေတဲ့ ရေကုန်ရေခန်း
ပ၀ါမကူ ရေမရှူကြေး ခွပ်ကြတဲ့တိုက်ပွဲကို ကြည့်ခဲ့ရတယ်၊ ခြေသည်း လက်သည်းနဲ့ ခြေအတက်တွေ
ချွန်မြလို့ နောက်ခံအနီရောင်က ကြက်ခွပ်ပွဲအရှိန်ကို အမြင့်ဆုံးပို့ခဲ့တယ်၊ ပန်းချီကားထဲက
ဖုန်မှုန့်တွေနဲ့ ကြက်တောင်မွှေးတွေ ဖွာထွက်လာတော့မှာလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တိုက်ကြက်တွေရဲ့
မာန်သွင်းသံ၊ တိုက်ပွဲခေါ်သံနဲ့
အော်သံတွေပါ ကြားခဲ့ရတာပေါ့၊ ဒီလောက်ဆို
ကျွန်တော့အနေနဲ့ ပန်းချီကားတွေကနေ အသံတွေကြားရတာကို လက်ခံပါတယ်ဆိုတာ ယုံပေးနိုင်ပြီပေါ့”
“ဒါဆိုရင် ဆရာ့ကို
ကျွန်မလှို့ဝှက်ချက်တစ်ခု ပြောပြရတော့မယ်ဆရာ၊ ဆရာ ယုံပါ့မလားမသိဘူး၊ ကျွန်မညည အိမ်စတူဒီယိုကို
ရောက်ရင် အမြဲတမ်း ကျွန်မပန်းချီကားတွေ စကားပြောပြောနေသံ ကြားရတယ်ဆရာ၊
ကျွန်မအစ်မပုံကတော့ စကားအပြောနိုင်ဆုံးပေါ့၊ ပထမဆုံး စကြားရတဲ့ညတုန်းက
အိပ်မက်မက်တယ် ထင်လိုက်မိသေးတယ်၊ နောက်တော့ သူတို့စကားပြောတာကို မှောင်ထဲမှာ ကြားလာရတယ်ဆရာရေ၊
နောက်နေ့ညနေ ကျွန်မပြန်လာတော့ သူတို့စကားဝိုင်းက အရှိန်တော်တော်ကောင်းနေပြီဆရာ၊ ကျွန်မတံခါးရွက်ကြားမှာ
ငြိမ်နားထောင်နေမိတယ်၊
စူးစူးနင့်နင့်နဲ့ ကိုယ့်စိတ်ဝိညည်ပါထည့်ပြီး
ဆွဲခဲ့တဲ့ပန်းချီကားတွေဟာ အသက်ဝင်နေတတ်တယ်ဆရာ၊ ဥပမာ-ကျွန်မအစ်မရဲ့ပုံပေါ့၊ သူ့ကိုချစ်တဲ့စိတ်၊
မျှော်လင့်တဲ့စိတ်နဲ့၊ ကိုယ်ရောစိတ်ပါနှစ်ပြီး ဖိဖိစီးစီးရေးခဲ့တဲ့ ပန်းချီကားက စပြီး
အသက်ဝင်လာခဲ့တယ်ဆရာ၊ သူ့ပုံတူဘေးမှာ ဆွဲပေးထားတဲ့ ပန်းအိုးထဲကပန်းတွေနဲ့ ကျွန်မကို
လှမ်းပေါက်လိုက်တာကို လန့်သွားလိုက်တာဆရာရယ်၊ သူကတော့ ရယ်နေတယ်၊ ဇော်မွှားပန်းလေးတွေပေါ့၊ ပျော်လွန်းလို့
သူ့ဆံပင်တွေကြားထဲ ထိုးထားသေးတယ်၊
သူ့ပုံကိုလည်း ဒီထက်အသက်ပိုကြီးတဲ့ပုံ
မဆွဲပါနဲ့တော့တဲ့၊ ဒီအရွယ်ဟာ အလှဆုံးနဲ့ ပျော်စရာအကောင်းဆုံးအရွယ်ပေါ့လေ၊
သူပျော်နေတော့လည်း ကျွန်မလည်း လိုက်ပျော်နေမိတာပေါ့နော်၊ အဲဒီညကစပြီး အရင်ညတွေကတော့
စိတ်ထဲကပဲ ကြားနေရတဲ့ အစ်မရဲ့စကားသံတွေကို နားနဲ့ဆတ်ဆတ် ကြားခဲ့ရတော့တာပဲ၊ သူကနေ ဟိုပန်းချီကားမှာ ဘယ်နေရာကို
ဘာဆေးတို့လိုက်၊ ဘာအရောင်ဖြည့်လိုက် ပြောပေးတာနဲ့ ပန်းချီကားတွေ တဖြည်းဖြည်း အသက် ၀င်လာခဲ့တယ်ဆရာ၊
အရာဝတ္တုတစ်ခုခု ဥပမာ-လိမ္မော်သီး၊ ဓာတ်ဘူး၊ ရွက်သင်္ဘောတွေ၊ အဲဒါမျိုး အရာဝတ္တုတစ်ခုခုကို
ထပ်ဖြည့်ဆွဲရတာ မဟုတ်ဘူးနော်ဆရာ၊ ဆွဲပြီးသားကားကို ဆေးလေးတို့ရုံ အရောင်လေး သွင်းပေးရုံနဲ့
အသက်ဝင်လာတော့တာ၊ ဆရာယုံပါ့မလားမသိ”
အဲဒီညနေကတိမ်တွေဟာ ကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့
အရောင်အသွေးတွေနဲ့ လှနေကြတယ်၊ ပုစွန်ဆီရောင် ဖျော့တော့လေးမှာမှ ခရမ်းသွေးလေး
စွတ်ရုံစွတ်ထားတာမျိုး၊
အိမ်ပြန်လမ်းတစ်လျှောက် တိမ်တွေကို
ငေးလာမိခဲ့တယ်၊ တိမ်တွေကို အရောင်တစ်ခုခုထပ်ဖြည့်ဖို့ ကျွန်တော့ကို တစ်ယောက်ယောက်က
ပြောနေတာကိုကြားလာရတယ်၊
အိမ်ဝရန်တာရောက်တော့လည်း တိမ်တွေကိုပဲ
ငေးနေမိတော့တယ်၊ အဲဒီညနေကစပြီး တိမ်တွေကို ငေးတတ်လာခဲ့တယ်၊ ရက်သတ္တပတ်တွေ
ကုန်သွားခဲ့ပေမယ့် လည်းဆံရှည်မလေး ရောက်မလာခဲ့တော့ဘူး၊ သူ့စတူဒီယိုကိုလည်း သူရောင်းခဲ့တယ်၊ ဒီလိုနဲ့ သစ်ရွက်တွေကြွေခဲ့ပြန်ပြီ၊ လေရူးတွေက
သစ်ရွက်ကြွေတွေကို ကျွန်တော့စားပွဲပေါ် ပွေ့ပွေ့တင်သွားနေကျ၊ တစ်မနက်တော့
ကျွန်တော်ဆံရှည်မလေးကို ထူးထူးခြားခြား သတိရနေမိတယ်၊ အဲဒီမနက်ကစပြီး ကျွန်တော်ပန်းချီဆေးတွေနဲ့ ဘောင်ကျက်ပြီးသား
ကင်းဗတ်တွေဝယ်ခဲ့တယ်၊ ကျွန်တော့နှလုံးသားထဲက အော်သံကို ကျွန်တော်ဖွင့်ဖောက်ထုတ်ရတော့မယ်၊ ကျွန်တော့ကို
တိမ်တွေချည်းပဲ ရေးနေတယ်လို့
တချို့ကပြောတယ်၊ တိမ်ျေတွချည်းပဲ ရေးတတ်တယ်လို့လည်း
တချို့ကပြောတယ်၊ ကျွန်တော်ဆွဲတဲ့ တိမ်အရောင်တွေကို တစ်ခါမှမမြင်ဖူးဘူးလို့လည်း တချို့ကပြောတယ်၊
တိမ်အရောင်တွေမှာ တစ်ခုခု ထပ်ဖြည့်လိုက်ပါလို့လည်း တစ်ယောက်ယောက်က ပြောပြောလာတယ်၊ ကျွန်တော်
တိမ်တွေပဲ မက်မက်စက်စက် ဆွဲခဲ့တယ်။
(၅)
တစ်နေ့မှာပေါ့၊ သစ်ရွက်တွေကြွေနေတုန်း၊ တိမ်တွေကလည်း
ကျွန်တော့စိတ်တွေနဲ့ တပြေးညီ စုတ်တံဖျားမှာ အရှိန်အဟုန်နဲ့ ရွေ့နေကြတုန်း၊ စာပို့သမားဆီက
စာတစ်စောင် လက်ခံရရှိခဲ့တယ်၊ စာတစ်စောင်တည်းပါပဲ၊ စာကလည်း နှုတ်ဆက်ရုံ မည်ကာမတ္တပါပဲ၊
တစ်ကြောင်းတည်း၊
“ကျွန်မနဲ့
ပြန်မတွေ့တော့ရင် ကြယ်တွေဆီပြန်သွားတယ်ပဲ သဘောထားလိုက်ပါ ဆရာ”
ကျွန်တော်မရေမရာပြုံးမိတယ်ထင်တယ်၊ ပြီးတော့လည်း တိမ်တွေကို
ဆက်ဆွဲ နေခဲ့တယ်၊ ရွက်ခြောက်တွေ တဖြောဖြောကြွေလို့၊ ကျွန်တော့မုတ်ဆိတ်မွှေး၊
နှုတ်ခမ်းမွှေးတွေလည်း ရှည်လျားလာခဲ့တယ်၊ ဒီအဖြစ်အပျက်တွေလည်း ကြာခဲ့ပြီပေါ့၊ နောက်ထပ်လူနာတွေ
တစ်ယောက်မှ ထပ်မရောက်လာခဲ့တော့ဘူး၊
ကျွန်တော်ကတော့ တိမ်တွေကိုပဲ ဆက်ရေးနေတော့တယ်၊
ကြယ်တွေဆီ ပြန်သွားတယ်တဲ့လား၊ သြော် ကြယ်တွေဆီ ပြန်သွားတယ်တဲ့လား၊
“ဘ၀ဆိုတာ
အိပ်မက်ရှည်ကြီးတစ်ခုပါကွာ” လို့ တစ်စုံတစ်ယောက်က
လှစ်ကနဲ ကပ်ပြောသွားခဲ့တယ်။
လက်ျာလင်းနိုင်
၂၀၁၁
ဒီဝတ္ထုကို FB မှာ တွေ့ကတည်းက ၃ ခါ ၄ခါ လောက် ဖတ်ဖြစ်တယ်။ ခုလည်း ပြန်ဖတ်ဖြစ်တယ်။ ဖတ်ပြီးတိုင်းလည်း စိတ်ထဲမှာ ကျန်ခဲ့တယ်။ နောက်ထပ် ရေးထားတဲ့ တခြားဝတ္ထုတွေလည်း ဖတ်ချင်ပါသေးတယ်။ FB မှာ ရှာရတာက အဆင်မပြေဘူးလေ။
ReplyDelete