Saturday 30 March 2013

တနင်္ဂနွေ စာတမ်းများ




တိတ်တိတ်ဆိတ်ဆိတ် ၀င်လာခဲ့တဲ့နေ့တွေ ရှိသလို တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားခဲ့တဲ့ နေ့တွေလည်းရှိတာပါပဲ။ တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ် လေးပါ။ တိမ်တွေက မှောင်ရီသန်းလို့ ဆည်းဆာက တရိပ်ရိပ်ထိုးကျလာနေတယ်။  ရေကန်ပြင်မှာ သစ်ပင်တွေရဲ့ အရိပ်တွေဟာ ဆည်းဆာရဲ့ တွန့်လူးရိုက်ခတ်မှုနဲ့ ၀ိုးတ၀ါးတုန်ခါလို့..၊ ဒါဟာ ကျွန်တော်တို့ သိခဲ့တဲ့ဘ၀ရဲ့ တစိတ်တပိုင်း ဖြစ်ချင်ဖြစ်မိမယ်.. ဒါပေမယ့် မမေ့နိုင်တာတော့သေချာပါတယ်။ ကျွန်တော်တို့ ခွဲခွာခဲ့ကြတယ်လေ။ ကျွန်တော်တို့ သိကျွမ်းခဲ့ကြတဲ့ တစ်ယောက်တစ်လေမှ ဒီဆည်းဆာမှောင်ရီဝိုးတ၀ါးမှာ မတွေ.မမြင်ခဲ့ကြတော့တာ သေချာပါတယ်။    ကျွန်တော်တို့ သိကျွမ်းခဲ့ကြတာ တိုတိုတောင်းတောင်းလေးပါ။  ပြီးတော့ သစ်ပင်တွေရဲ့ ရနံ့ဟာ သိပ်သည်းကျစ်လျစ်လာတယ်။ ဘယ်ကမှန်းမသိရတဲ့ လေဟာ ကျွန်တော်တို့တတွေကို တိုးဖွကျှီစယ်ကောင်းကျီစယ်မိမယ်။ ရေကန်ပြင်မှာ လှိုင်းထနေတာ ကျွန်တော်တို့ရဲ့ အရိပ်တွေပဲလား။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အဖြစ်သနစ်တွေရဲ့ ရီဝေနှောင်ဖွဲ့စရာ နောက်ခံကားချပ်တွေ ပဲလား။ ပထမဆုံးအချစ်ဦးနဲ့ ရီဝေတုန်လှုပ်စရာအနမ်းနဲ့ ပြီးတော့ နောက်ဆုံးတစ်ခေါက်ရဲ့ ရှည်လျားတိတ်ဆိတ်တဲ့ အနမ်းလိုမျိုး     



လမ်းပေါ်မှာခြေသံတွေတိတ်ဆိတ်သွားခဲ့ပြီ။ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားမယ့် သူတွေ၊ ထွက်သွားနှင့်သူတွေ ၇ှိကောင်း၇ှိပါလိမ့်မယ်.. တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်လေးပဲနေမှာပါ။

နွေဦးရဲ. ရောင်စုံအမှတ်တရတွေလည်းတိတ်ဆိတ်လို့ …။ 



လက်ျာလင်းနိုင်

ဆေးရုံ




နာတာရှည်  စင်္ကြန်လမ်းမများ ...

သာမိုမီတာတွေ..

ကုတ်ခြစ်တွန်းဖဲ့ဖျားနာဆောင်များ...

ဓားနဲ့  ကတ်ကြေးတွေရဲ့  သစ္စာ တရားလွန်ဆွဲပွဲများ...

ဘယ်လို စဉ်းစားစဉ်းစား..

သရေမရှိတဲ့ ပွဲခင်း...

နာကျင်ချိန် ပို အသက်လုပွဲများ...

သုခဘုံနဲ့...

စိတ်စေစားရာ ပြဇာတ်ကန့်လန့်ကာများ..

တနံတလျားဘ၀ရဲ့ ...

တထောက် တနား ကွန်းခိုရာ..........




လကျာ်လင်းနိုင် 
၁၅ မေ ၂၀၀၆ မှ စရေး ပြီး   ၁၁ ဇန်န၀ါရီလ တွင်အပြီးသတ်ရေးပြီး..

Friday 29 March 2013

ဝိုင်





ကဗျာမရေးဖြစ်ပေမယ့်
ကဗျာမဖြစ်သေးတဲ့ကဗျာမှာ
အိပ်မက်ကိုရေဆွတ်ရုံလေးအေးနေအောင်ခူးမိတယ်။


မင်းရော!
တိမ်တိုက်တွေစီးမှာမဟုတ်လား
ရေစီးရေဆန်!


ကန့်လန့်ကာချလိုက်ရုံနဲ့လည်း
ဇာတ်သိမ်းပိုင်းကိုတန်းရောက်သွားတာမျိုးမဟုတ်တော့
ဆိုကြပါစို့ကွာ..၊


သနပ်ခါးနံ့တွေမွှန်ထူလာအောင်လွမ်းမိတဲ့သီချင်း
မင်းအမောပြေစေရာပြေစေကြောင်း..


မင်းစိတ်လိုလက်ရဆိုဖြစ်နေတဲ့သီချင်း




လက်ျာလင်းနိုင် 
၁၉၊၃၊၂၀၁၃

နွေဦးရာသီ ချစ်မက်ရနံ့




အိပ်မှုံစုံမွှား စိမ်းလန်းနေတာ

နွေဦးထင်းရူးတွေရဲ့အလှတစ်မျိုးလား

နွေဦးရဲ့လိပ်စာကတ်ပြားဟာ ရွှေရောင်ရော်ရွက်ဝါ

တယ်လီဖုန်းထဲကနွေဦးလမ်းတွေ ဆွတ်ပျံ့စရာနွေးလို့

နွေဦးကို မိတ္တူ ကူးသမျှ ရယ်စရာ သနားစရာ

နွေဦးပန်းတွေ ပျိုးကြဲသလို

နွေဦးကြယ်တွေကိုပျိုးကြဲယူခဲ့ရတဲ့သီချင်း

နွေဦးနဲ့ကျောချင်းကပ်သရုပ်ဆောင်ခဲ့

နွေဦးကြယ်တွေမှာ သီးခြားစကားရှိတယ်လို့မကြားစဖူး

ပရစ်ဖူးတွေကလည်းမြင်းမြီးဆွဲပါရမီဖြည့်လို့

တိတ်တိတ်ဆိတ်ဆိတ်ဆွတ်ပျံ့ ဖွယ်ရာဇာတ်ကားမှာမှ

နွေဦးခေါင်းလောင်းသံကိုခြွေချတဲ့မျှော်စင်

တောင်ဇလပ်နဲ့ ချယ်ရီတွေဟာ မပွင့်ပါနဲ့ တားမရဆီးမရ

နွေဦးအခွံမာအခွံပျော့သစ်သီးတွေရဲ့ သီးခြားလှပုံမျိုး

သံယောဇဉ်မကုန်သေးတော့လည်း

နွေဦးတောင်ပတ်လမ်းလေးကမြူတွေရစ်သိုင်း

နွေဦးညနေတွေဟာတိတ်ဆိတ်လွယ်လာတယ်

နွေဦးရဲ့အိပ်မွေ့ချခံမုဆိုးဟာ

တောင်ပေါ်တောင်ယာမီးနဲ့ အလွမ်းကိုမှနွှေးမိတယ်

နွေဦးရဲ့ ကျစ်ဆံမြီးရှည်လေး လွမ်းမိနေရတုန်းပါပဲ

နွေဦးရာသီဖြားယောင်းခံနေ့များ




လကျာ်လင်းနိုင်
ပိတောက်မြေမဂ္ဂဇင်း
မေလ  ၂၀၀၇

ပင်းတယ





နတ်သမီးခုနှစ်ဖော်စလုံးနဲ့ရေချိုးဆင်းခဲ့

ရာဇ၀င်လာအချစ်ဇာတ်လမ်းတွေနဲ့

ပုန်းတလုတ်ကန်ကြီး ရွဲရွဲစိုနေပါရောလား

ဇာတ်တော်ထဲမတော့

ရာမလိုပဲသုဓနုလည်းလေးညှို့တင်ခဲ့တယ်

မြင်းလှည်းနဲ့စက်ဘီးတွေအပြေးပြိုင်တဲ့မြို့ကလေး

တောင်တန်းတွေကိုသံလွင်ခက်လိုစိမ်းထားတယ်

ညမွှေးပန်းနံ့နဲ့မီးရောင်စုံတွေ

လှုပ်လီလှုပ်လဲ့လှိုင်းကြပ်ခွပ်တွေပေါ်အသော့နှင်ခဲ့တော့

နေ၀င်ရီမှောင်ညချမ်းချိန်

တရားဓမ္မ နဲ့ တလူလူလွင့်တဲ့စိတ်

သာသနာတော်မှာနွေးထွေးစီးဆင်းဆွတ်ပျံ့လို့

ဒွေးမယ်နော်ရဲ့ကျော့မှာ

တပြန်တလှည့် အမိခံခဲ့သူလည်း

သူ့အရိပ်ကိုယ့်အရိပ်ေ၀၀ါးရောထွေးတိတ်ဆိတ်လို့

သံသရာနဲ့ဇရာကိုလေးညှို့မတင်းနိုင်သေးသူပဲ

မြေနီလမ်းကျဉ်းလေးတွေမှာ ၀င်္ကပါလျှောက်တုန်း

မိုးမခပင်ညို့ညို့ တွေကစိမ်းညို့ညို့လွင်လွန်းကာမှောင်မှောင်ရီလို့

ဓမ္မ ခရီးတထောက်နားတာလား

ပျော်ပွဲစားလား

တိမ်တွေနဲ့ပါလာတဲ့ဝဋ် နာကံနာ အစွဲမကျွတ်သေးသူလား

သံသရာတစ်ဖက်ကမ်းကူးတဲ့အခါများ

ဧည့်သည်တွေကို အပါခေါ်ဦးနော် မြို့ကလေး




လကျာ်လင်းနိုင်

၂၀၀၉ ဇွန်လ - ၂၀၁၂ အောက်တိုဘာ

ပုထုဇဉ်




 ဒီနေ.မိုးမရွာဘူး

စိတ်ကိုတစိမ့်စိမ့်တွေးမိတော့

သစ်ရွက်မခြောက်တခြောက်တွေတဖွဲဖွဲကြွေတုန်း

ချာလည်သီးတွေတစ်ခြံလုံးပြန်.ကြဲနေတော့ကာ

ဒန်းကလေးကလွှဲသူမရှိကူရာကယ်ရာမဲ့

မိုးသက်လေနှင်တေးအလိုက်မျှော်နေတဲ့

သူလိုကိုယ်လိုမိုးစိုခံပင်လေးတွေသက်ပြင်းချတုန်း

ညို.နေတဲ့မျက်ဝန်းလေးကိုငေးမိရတယ်




လကျာ်လင်းနိုင်

အောက်တိုဘာ ၂၀၁၂

Thursday 28 March 2013

ကြယ်တွေကြွေတိုင်း လွမ်းရရောပဲလား







တစ်ဘ၀လုံးဟာ အိပ်မက်ရှည်ကြီးပါကွာလို့တစ်ယောက်ယောက် က လှစ်ကနဲ ကပ်ပြောသွားခဲ့တယ်၊ ရယ်စရာကောင်းတယ်ရုတ်တရက်ထင်ခဲ့ပေမယ့် မရယ်ပစ်ခဲ့ဘူး၊ အခန်းတံခါးကိုတွန်းဖွင့်ပစ်ခဲ့တယ်၊ သစ်ရွက်တွေ တဖြောဖြော ကြွေလို့၊ ဒါမှမဟုတ်လည်း ရှပ်တိုက်ရွေ့လျားလို့၊ နေရောင်စူးစူးရရြဲက သစ်ရွက်စိမ်းတွေကို ဆက်တင်မီးလိုထိုးထားတယ်၊ စိမ်း……..လို့၊ မရည်ရွယ်ခဲ့ပေမယ့် သက်ပြင်းရှည်ကြီးကို ချပစ်ခဲ့တယ်၊ လေအဝှေ့မှာ ကပ်ပါလာတဲ့ ရွက်ခြောက်တွေကို ဘာသိဘာသာ စိတ်နဲ့ တံမြက်စည်းလှဲခဲ့တယ်၊ ခိုင်မာရိုးသားရှင်သန်နေရမယ့် အချိန်ပိုင်းတွေမှာ လူနာတွေကို အမြဲကူညီနိုင်ခဲ့တာချည်းပဲ လို့ကိုယ့်ကိုယ်ကိုခဏခဏ မောင်းတင်ခဲ့တယ်၊ စိတ်ကိုစိတ်နဲ့ကုဖို့ဆိုတာ အင်မတန်နုးညံ့သိမ်မွေ့တဲ့ ကစားပွဲပဲ၊

မြို့ ကြီးနှင့် စကားစမြည်ပြောခြင်း ( ၁ )







နွေမကူးတကူး နေ့လည်ခင်းရဲ့ ဆေးရုံအသွား ဘတ်စ်ကားတစ်စီးပေါ်မှာ မြို့ကြီးနဲ့ စကားပြောခဲ့တယ်၊ လူဦးရေပေါက်ကွဲမှုဆင့်ကဲဖြစ်စဉ်တွေကို မနိုင်ဝန်ထမ်းထားရတဲ့ မြို့ကြီးရဲ့ ၀မ်းဗိုက်အတွင်းမြှေးတွေဟာ အထိမခံနိုင်လောက်အောင် ရောင်ကိုင်း ဖောင်းကားလို့၊  မြို့ကြီးရဲ့ မျက်လုံးတွေက အဝေးကြီးကို မမြင်နိုင်လောက်အောင် မှုန်သီေ၀၀ါးလို့။  မြို့ကြီး ရဲ့ တဟွတ်ဟွတ်ချောင်းဆိုးသံထဲမှာ မီးခိုးတွေ အူလှိုက် သည်းလှိုက်ထလို့၊ မြို့ကြီး ရဲ့ သွေးကြောတွေကို ဖောက်မိလိုက်ရင်ပဲ သွေးဖြူဥ၊ သွေးနီဥတွေအစား ရောင်စုံတက်စီကားတွေ ဝေါကနဲ ထွက်ကျ လာတော့တယ်၊ ရောင်စုံ တက်စီကားတွေဟာ မြို့ကြီးအတွက်တော့ တစ်ဝမ်းတစ်ခါး အတွက် လှုပ်ရှားပြေးလွှားနေရတဲ့ ကျွန်တော်တို့ သွေးကြောမွှာ သွေးကြောမွှားထဲက အပြေးသမားတွေနဲ့ အမြဲတမ်းဆင်တူတယ်။ မြို့ကြီးက သူ့အနာရွတ်တွေကို မြင်သာရုံလောက် အကျီင်္ကိုလှစ်ပြတယ်၊ ခဏလေးလိုပဲ၊ ဒါပေမယ့် အသည်းခိုက်အောင် နာခဲ့တာတွေမှန်း ကျွန်တော်ရိပ်မိတယ်၊ ဒါပေမယ့် သူပြုံးနေတာ ကျွန်တော်မြင်ရတယ်၊ မြို့ကြီးက သူ့ဓာတ်ပြားကို စဖွင့်တယ်ဆိုရုံလောက် စကားပြောတယ်၊ အနာတရစကားတွေဟာ ဘယ်နားဝင်ချိုပါလိမ့်မလဲနော၊ ဒါပေမယ့် မြို့ကြီးက နားဝင်ချိုအောင် ကြိုးစားပြောမှန်း သိသာလွန်းတယ်၊ သူဝမ်းသာနေပုံရပေမယ့် ၀မ်းသာဖို့အချိန်တွေ အများကြီးသိပ်မရှိတောတာ သူနားလည်ထားမှန်း ကျွန်တော်ရိပ်မိပါတယ်၊ ထားပါတော့လေ၊ နွေမကူးတကူးနေ့လည်ခင်းရဲ့ ဆေးရုံအသွား ဘတ်စ်ကား တစ်စီးပေါ်မှာ မြို့ကြီးနဲ့စကားပြောခဲ့ရတယ်၊ ပြင်ပလူနာဋ္ဌာနအထိ လိုက်ပို့ပေးခဲ့တယ်၊ ပြင်ပမှာပဲအမြဲတမ်းရှိနေတဲ့လူနာပေါ့ဗျာလို့ကျွန်တော့ကို နောက်တောက်တောက် ပြောသွားတဲ့အထိ သူ့အချိန်တွေကို သွေးအေးအေး ရင်ဆိုင်နေတုန်း မြို့ကြီးကို ကျွန်တော်ငေးနေမိတယ်၊ ခင်ရမင်ရတဲ့ လူတွေနဲ့ အတူနေရချိန်လေးတွေဟာ ဘာမှမကြာလိုက်သလို သိပ်အကုန်မြန်တာပဲလို့ တစ်ခါတစ်ခါ မတွေးမိဘူးဖူးလား၊ ဒီလိုပဲပေါ့၊ နေ၀င်ချိန်ဟာ ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ ကျွန်တော်တို့ကိုယ်ပေါ်မှာမှ တမင်တကာ လာနှုတ်ဆက်လာတယ်။ ထင်မိစရာမှိန်မှိန်လေးလင်းလာတော့တယ်၊ ကျွန်တော် နောက်ဆုံးမှတ်မိနေတာကတော့ မြို့ကြီးကို မေ့ဆေးအုပ်လိုက်တုန်း နောက်ဆုံးမြင်လိုက်ရတဲ့ မြို့ကြီးရဲ့မျက်လုံးတွေပါပဲ၊ အသည်းမာမာနဲ့နှုတ်ဆက်သွားဖို့ ကျွန်တော့ကိုသတိပေးလိုက်တဲ့ နောက်ဆုံးထွက်သွားတဲ့ ရထားတစ်စီးရဲ့ ဘီးကြိတ်သံလိုပဲ၊ ကျွန်တော့ကိုအေးခဲသွားစေခဲ့တယ်၊ နွေမကူးတကူး နေ့လည်ခင်းရဲ့ ဆေးရုံအသွား ဘတ်စ်ကားတစ်စီးပေါ်မှာ ကျွန်တော် မြို့ကြီးနဲ့နောက်ဆုံးစကားပြောခဲ့တယ်၊



လကျာ်လင်းနိုင် 
၂၆၊၁၊၂၀၁၃
၂း၂၄ နေ့ခင်း